Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

လီၢ်ခၢၣ်သး

စီးပွားရေးဆိုင်ရာ ဥပဒေမူကြမ်း ၅ ခုနှင့်ပတ်သက်၍ ခရိုင်နှင့် ဗဟိုအဆင့်တွင် တိုင်ပင်ဆွေးနွေးပွဲများပြုလုပ်ပြီးစီး

ကော်သူးလေးနယ်မြေတွင် စီးပွားရေးစီမံအုပ်ချုပ်မှုများ ပိုမိုကောင်းမွန်လာစေရေး၊ အများပြည်သူနှင့် စီးပွားရေးလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့ရှုရေးအတွက် ရည်ရွယ်ရေးဆွဲထားသည့် စီးပွားရေးဆိုင်ရာ ဥပဒေမူကြမ်း ၅ ခုနှင့်ပတ်သက်၍ ခရိုင်နှင့် ဗဟိုအဆင့်တွင် တိုင်ပင်ဆွေးနွေးပွဲများပြုလုပ်ပြီးစီး
ဇူလိုင်လ ၅ ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအန်ယူ-ဗဟို
ကရင်အမျိုးသားအစည်းအရုံး (KNU) အနေနှင့် ကော်သူးလေးနယ်မြေအတွင်း စီးပွားရေးစီမံအုပ်ချုပ်မှု (economic governance) ပိုမိုကောင်းမွန်လာစေရေးနှင့် လိုအပ်သောသော ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက် နိုင်ရေးအတွက်ရည်ရွယ်၍ ရေးဆွဲထားသော စီးပွားရေးဆိုင်ရာ ဥပဒေမူကြမ်း ၅ ခုနှင့် စပ်လျဉ်း၍ ဗဟိုအဆင့်ခေါင်းဆောင်များက ၂၀၂၄ ခုနှစ် ၊ ဇွန်လ ၂၄ ရက်မှ ၂၈ ရက်အထိ ၅ ရက်တာ တွေ့ဆုံ၍ တိုင်ပင်ဆွေးနွေးခဲ့ကြသည်။ ကေအန်ယူဗဟိုစီးပွားရေးကော်မတီမှ ကြီးမှူးကျင်းပသော ထိုဆွေးနွေးပွဲတွင် ကေအဲန်ယူ ဥက္ကဌပဒိုစောကွယ်ထူး၀င်အပါအ၀င်၊ ဗဟိုအဆင့် ဌာနဆိုင်ရာခေါင်းဆောင်များ၊ ကော်မတီ၀င်များ နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ ကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြသည်။ နောက်တစ်ဆင့်အနေဖြင့် သက်ဆိုင် ရာအရပ်ဖက်အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းနှင့် ပြင်ပစီးပွားရေး ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးသွားရန်ရှိသည်။
ကော်သူးလေးနယ်မြေအတွင်း ပြည်သူ အများ၏ အကျိုးစီးပွားနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသော စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင်တင်ရေး၊ ပွင့်လင်းမြင်သာ၍ တာ၀န်ယူမှု တာ၀န်ခံမှုရှိသော အုပ်ချုပ်ရေးယန္တရားများ တည်ဆောက်နိုင်ရေးအတွက် ရည်ရွယ်ရေးဆွဲထားသော ဥပဒေနှင့်နည်းဥပဒေမူကြမ်းများမှာ
(၁) ကုမ္ပဏီများနှင့်စီးပွားရေးလုပ်ငန်းများဥပဒေ (မူကြမ်း)
(၂) ကုမ္ပဏီများနှင့်စီးပွားရေးလုပ်ငန်းများနည်းဥပဒေ (မူကြမ်း)
(၃) ရင်းနှီးမြှုပ်နှံမှုဥပဒေ (မူကြမ်း)
(၄) ရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ (မူကြမ်း) နှင့်
(၅) အစိုးရပိုင်စီးပွားရေးလုပ်ငန်းများဆိုင်ရာဥပဒေ (မူကြမ်း) တို့ဖြစ်သည်။
စီးပွားရေးဆိုင်ရာ ဥပဒေကျွမ်းကျင် ပညာရှင်များ၏ အကြံအဥာဏ်များနှင့်အတူ မြေပြင်အခြေအနေများ နှင့်ချိန်ဆ၍ အချိန် ၁ နှစ်ကျော်ကြာယူ၍ ရေးဆွဲထားသည့် ပထမဥပဒေမူကြမ်းများကို ပြီးခဲ့သည့် လများအတွင်းက ကော်သူးလေး ခရိုင် ၇ ခုလုံးသို့ သွားရောက်ကွင်းဆင်း ချပြခဲ့ပြီး သက်ဆိုင်ရာခရိုင်၊ မြို့နယ်၊ တပ်မဟာ၊ တပ်ရင်း ခေါင်းဆောင်များ၏ သဘောထား မှတ်ချက်များ၊ အကြံပြုချက်များကို ရယူခဲ့ပြီးဖြစ်သည်။
ကေအဲန်ယူ ဗဟိုစီးပွားရေးကော်မတီကို ၂၀၁၂ ခုနှစ်၊ (၁၅) ကြိမ်မြောက် ကေအဲန်ယူ ဗဟိုကွန်ဂရက်တွင် တရားဝင်ဖွဲ့စည်းခဲ့သည်။ ကော်မတီတွင် အခွန်ဘဏ္ဍာဌာန၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သစ်တော၊ ငါးနှင့်မွေးမြူရေး၊ သတ္တု စသည့် စီးပွားရေးနှင့်ပတ်သက်သည့် ဌာန ၆ ခုမှ ကိုယ်စားလှယ်များ၊ ဗဟိုနှင့်ခရိုင် ၇ ခု ခေါင်းဆောင်များပါ၀င်သည်။ စီးပွားရေးကော်မတီဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များမှာ စီးပွားရေးနှင့် ပတ်သက်သော သုတေသနများ၊ မူ၀ါဒရေးရာဆွေးနွေးပွဲများမှတဆင့် စီးပွားရေးဆိုင်ရာ အသိအမြင်များ၊ အသိပညာများတိုးပွားလာစေရန်၊ ကောင်းမွန်သော စီးပွားရေးဆိုင်ရာ မူ၀ါဒများ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများရေးဆွဲချမှတ်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများအချင်းချင်း ချိတ်ဆက်မှုနှင့် ပူးပေါင်းဆောင်ရွက်ညှိနှိုင်းမှုများ အားကောင်းလာရန်၊ ဒေသခံစီးပွားရေးလုပ်ငန်းများကို မြှင့်တင်ရန်၊ ကောင်းမွန်သော စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရန်၊ ကော်သူး လေးပြည်သူများအတွက် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် ဖြစ်ပါသည်။