ဧပြီလ (၉) ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တောအူး(တောင်ငူ)ခရိုင် အတွင်း ရှိ ထိုလွီဝါးအထက်တန်းကျောင်းမှ ကော်သူးလေအစိုးရစစ်စာမေးပွဲအားအောင်မြင်ခဲ့သော ကျောင်းသူ ကျောင်းသားများနှင့် ထိုလွီဝါး Junior college အပတ်စဉ် (၅) နှင့် အပတ်စဉ် (၆) ကျောင်းသူ ကျောင်းသား များအား ကျောင်းဆင်းပွဲ နှင့် အောင်လက်မှတ် ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားကို ၂၀၂၅ ခုနှစ် ဧပြီလ (၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် ကရင် လူငယ်အစည်းအရုံး (K.Y.O) ဗဟို၏ ဥက္ကဌ ပဒိုစောလယ်နယ်၊ တောအူးခရိုင်မှ ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်ဝါး၊ ခရိုင် တွဲဖက်အတွင်းရေးမှူး ပဒိုစောသောဒူထူး၊ ခရိုင်ပညာရေးဌာနမှူး ပဒိုစောဟဲစိုး၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၂) ၏ ဗျူဟာမှူး ဗိုလ်မှူးကြီး စောပေါလု ထောတထူ (ထန်းတစ်ပင်) မြို့နယ် အတွင်းရေးမှူး ပဒိုနော်စလဲ၊ ဒေါ်ဖားခိုမြို့နယ် အတွင်းရေးမှူး ပဒိုနော်စေးဖော်၊ ထိုလွီဝါးကျောင်းအုပ်ဆရာမ နော်ဟေသီဂျူးတို့မှ အားပေးလမ်းညွှန်အမှာစကား ပြောကြား ပေးခဲ့ပါသည်။
အခမ်းအနားတွင် ၂၀၂၄−၂၀၂၅ ခုနှစ် ကရင်အမျိုးသားအစည်းအရုံး ကရင်ပညာရေးနှင့် ယဉ်ကျေးမှု ဌာန၏ ကော်သူးလေအစိုးရစစ်စာမေးပွဲကို အောင်မြင်စွာဖြေဆိုခဲ့ကြသော Grade (9) နှင့် Grade (12) မှ ကျောင်းသူ ကျောင်းသားများအား အောင်လက်မှတ် ပေးအပ်ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
ထိုလွီဝါးအထက်တန်း ကျောင်းမှ ကော်သူးလေအစိုးရစစ် စာမေးပွဲတွင် ထိပ်တန်း (၁၀)ဦး စာရင်း၌ Grade-9 တွင် အဆင့် (၂)၊ (၃)၊ (၆)၊ (၉) ရရှိသူ (၄) ဦး ပါဝင်ခဲ့ပြီး Grade-12 တွင် အဆင့် (၂)၊ (၃)၊ (၄)၊ (၈)၊ (၁၀) ရရှိသူ (၅) ဦး ပါဝင်ခဲ့သည်။
ထို့အပြင် ထိုလွီဝါး Junior College ၏ ၂၀၂၂−၂၀၂၄ အပတ်စဉ် (၅) ပညာသင်နှစ်တွင် တက်ရောက် သင်ကြား ခဲ့ကြကာ အောင်မြင်စွာဖြေဆိုနိုင်ခဲ့သော ကျောင်းသား (၃၃) ဦး ကျောင်းသူ (၅၂) ဦး နှင့် ၂၀၂၃−၂၀၂၅ အပတ်စဉ် (၆) ပညာသင်နှစ်တွင် တက်ရောက်သင်ကြားခဲ့ကြကာ အောင်မြင်စွာဖြေဆိုနိုင်ခဲ့သော ကျောင်းသား (၂၄) ဦး ကျောင်းသူ (၄၂) ဦး စုစုပေါင်း (၁၅၁) ဦး တို့ကိုလည်း အောင်လက်မှတ် ဂုဏ်ပြု ချီးမြှင့် ပေးခဲ့သည်။
ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန ဗဟို Institute of High education (I.H.E) ၏ တာဝန်ခံ ဆရာမ နော်ဖောမူး မှ ကျောင်းဆင်းပွဲ နှင့် အောင်လက်မှတ် ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားအား ‘’Resilience and triumph in the face of Adversity “ ဟူသော ဆောင်ပုဒ်ဖြင့် ဦးဆောင် ကျင်းပ ပြုလုပ် ခဲ့ပြီး ကျောင်းဆရာ ကျောင်းဆရာမများ၊ ကျောင်းကော်မတီအဖွဲ့ဝင်းများ၊ ကျောင်းသားမိဘများ နှင့် ဒေသခံ ရွာသူရွာသားများ အပါအဝင်း လူဦးရေ (၁၀၀၀) ကျော် တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။