စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ကေအဲန်ယူ-ဒူးပလာယာခရိုင်၌ ကော်သူးလေ စုပေါင်းသစ်ပင်စိုက်လ အခမ်းအနား ကျင်းပပြုလုပ်

ဇူလိုင်လ (၂) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေရှိ ခရိုင်အသီးသီးတွင် နှစ်စဥ်နှစ်တိုင်း ဇူလိုင်လတွင် ကျရောက်သော "ကော်သူးလေစုပေါင်းသစ်ပင်စိုက်ခြင်းလ" အား စုပေါင်းကျင်းပလျှက်ရှိကြပါသည်။
သစ်ပင်များသည် လူသားများ နှင့် သားရဲတိရိစ္ဆာန်များ၏ နေ့စဥ် အသက်ရှင်နေထိုင်နိုင်မှု အတွက် သော် လည်းကောင်း၊ စိမ်းလန်းစိုပြေပြီး သာယာအေးချမ်းလှသော တိုင်းပြည်တစ်ပြည် ဖြစ်ဖို့ရန် ရေမြေ တောတောင် သဘာဝ ဇီဝမျိုးစုံ မျိုးကွဲ မပျက်သုဥ်းစေရန် အထူးပင် အရေးကြီးသည်။
သစ်တောများ ပြုန်းတီးမှုကြောင့် ရာသီဥတု ဖောက်ပြန်ခြင်း၊ တောင်ပြိုကမ်းပြိုခြင်းများ နှင့် မြောင်း ကောများ ဖြစ်ပေါ်လာခြင်း၊ ရေကြီးရေလျှံမှုများ နှင့် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း၊ သီးနှံဖျက်ပိုးများ ရောဂါပိုးမွှားများ များပြားလာခြင်း နှင့် လူနေမှုပတ်ပတ်ဝန်းကျင်အတွင်း ရောဂါဆန်းများ ပေါ်ပေါက် လာခြင်း၊ မြေဆီလွှာ ခမ်းခြောက်ခြင်း နှင့် ဂေဟစနစ်များ ပျက်စီးခြင်း၊ တောင်သူများ သီးနှံထွက်တိုးမှု လျှော့နည်းလာခြင်း နှင့် အိုဇုံးလွှာ ပါးလာမှုကြောင့် အယ်နီညို လာနီညာ ရာသီဥတုများ ဖြစ်ပေါ်လာခြင်း စသည့် ဆိုးကြိုးများ ဖြစ်ပေါ်လာစေသည်။
ဇူလိုင်လ (၁) ရက်နေ့မှ (၃၁) ရက်နေ့အထိ ကျရောက်သော ကော်သူးလေသစ်ပင်စိုက်ခြင်းလ (Kawthoolei Tree Planting Month) ဖြစ်သည့်အတွက် “သစ်တောသည် ငါတို့ဘဝ၊ ငါတို့ဘဝသည် သစ်တောနဲ့အတူ တည်ရှိမည်” ဆိုသည့် ခေါင်းစဥ်ဖြင့် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်တွင်လည်း ခရိုင်တာဝန်ရှိခေါင်းဆောင်များမှ ဦးစီး၍ ကေအဲန်ယူ - ကရင်အမျိုးသား အစည်း အရုံး၏ ဌာနဆိုင်ရာ တာဝန်ရှိခေါင်းဆောင်များ နှင့် လုပ်သားများ၊ ရွာသူ ရွာသားများနှင့် ကျောင်းသူကျောင်းသားများ စုပေါင်းကာ သစ်ပင်စိုက်နေ့ အခမ်းအနားအား ဇူလိုင်လ (၁) ရက်နေ့တွင် စုပေါင်း တက်ရောက် ဂုဏ်ပြု ကျင်းပခဲ့ကြသည်။
ယခု အချိန်ကာလ၌ သစ်တောများ ပြုန်းတီးမှုပိုမို များပြားလာပြီး အပူချိန်မြင့်တက်လာသဖြင့် အပူချိန်လျှော့ကျလာစေရန် သစ်ပင်စိုက်ရခြင်း အကြောင်းအရင်းနှင့် ရေမြေတောတောင် သဘာဝမြစ်ချောင်း အင်းအိုင်နှင့် ဇီဝမျိုးစုံ မျိုးကွဲ မပျက်သုဥ်းစေရန် စသည့် ရည်ရွယ်ချက်များဖြင့် သစ်ပင်စိုက်ရခြင်း ဖြစ်ကြောင်း ထိုအခမ်းအနားသို့ တက်ရောက်လာသော ဒူးပလာယာခရိုင် သစ်တောဌာနမှူး ပဒိုစောချစ်လှ မှ ပြောကြားခဲ့သည်။
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် မှ ယခင်နှစ်များတွင် ကျွန်းသစ်တစ်မျိုးတည်းကိုသာ စိုက်ပျိုးခဲ့ပေမည့် ယခုနှစ်တွင် အသုံးဝင်သည့် သစ်မျိုးစုံ နှင့် လမ်းဘေးအရိပ်ရစေသည့် သစ်ပင်များလည်း စိုက်ပျိုးခဲ့ကြသည်။
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာ တစ်ခရိုင်လုံး၏ နယ်နမိတ် အကျယ်အဝန်းသည် (၄,၁၈၃,၀၇၇) ဧက အကျယ်အဝန်းရှိပြီး ဒူးပလာယာခရိုင် သစ်တောဌာန၏ သစ်တောကြိုးဝိုင်းပေါင်း (၂၃) နေရာရှိပြီး အကျယ်အဝန်းမှာ စုစုပေါင်း (၄၉၇,၄၈၇) ဧက အကျယ် အဝန်းရှိသည်။ကျေးရွာအုပ်စုများ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သစ်တောကြိုးဝိုင်းမှာ စုစုပေါင်း (၃၆) နေရာရှိပြီး အကျယ်အဝန်းမှာ စုစုပေါင်း (၅၅,၁၄၅) ဧက အကျယ်အဝန်း ရှိသည်။ တောရဲ တိရစ္ဆာန် ဘေးမဲ့တောကြိုးဝိုင်း စုစုပေါင်း (၄) နေရာရှိပြီး (၃၃၀,၂၈၃) ဧက အကျယ်အဝန်းရှိသည်။ ထို့အတူ ဘယဆေးတော (၁) တစ်နေရာရှိပြီး စုစုပေါင်း (၂၆,၆၈၉) ဧက အကျယ်အဝန်းရှိကြောင်း ဒူးပလာယာခရိုင် သစ်တောဌာန၏ စာရင်းမှတ်တမ်းမှ ဖော်ပြသည်။
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်း ယခင်တွင် သစ်တောဖုံးလွမ်းမှု (၈၀) ရာခိုင်နှုန်းခန့် ရှိပြီး ယခုအချိန်တွင် တစ်ခရိုင်လုံး၏ သစ်တောဖုံးလွမ်းမှုမှာ (၃၀) ရာခိုင်နှုန်းမျှသာ ရှိသည်ဟု ဒူးပလာယာခရိုင် သစ်တောဌာန အတွင်းရေးမှူး ပဒိုစောနေကော်သောမှ ပြောသည်။
ယခု အချိန်ကာလတွင် စစ်ပွဲများနေရာအနံ့ဖြစ်ပွားနေသည့်အတွက် ဒေသခံ စစ်ဘေးရှောင် ပြည်သူ များမှာ တောတောင် ချောင်းဖျားများသို့ ပြောင်းရွှေ့နေထိုင်ကြပြီး ၎င်းတို့၏စားနပ်ရိက္ခါများ ရရှိစေရန် ရွှေ့ပြောင်းတောင်ယာခုတ်ခြင်းများမှ နောက်ဆက်တွဲ ဖြစ်ပေါ်လာသော တောမီးလောင်မှုများကြောင့် သစ်တောဖုံးလွမ်းမှု (၅၀) ရာခိုင်နှုန်းဝန်းကျင် ပျက်စီး ပြုန်းတီးခဲ့ပြီး တောမီးလောင်မှု နှင့် တရားမဝင် သစ်ခုတ်ထွင်မှုများကြောင့် လက်ရှိအချိန်၌ ဒူးပလာယာခရိုင်အတွင်း သစ်တောဖုံးလွမ်းမှုမှာ (၃၀) ရာခိုင်နှုန်းသာ ကျန်နေခြင်းကြောင်း ဖြစ်သည်။
သစ်တောပြုန်းတီးမှုများ လျှော့ကျလာစေရန် သစ်တောဆိုင်ရာ အသိပညာပေးမှုများ လုပ်ဆောင် ပေးခြင်း၊ ကေအဲန်ယူ သစ်တောဥပဒေဆိုင်ရာများအား သင်ကြားပို့ချပေးခြင်း၊ သစ်တောပြုန်းတီး မှုကြောင့် ဖြစ်ပေါ်လာသော သဘာဝ ဘေးအန္တာရယ် နှင့် ဆိုးကြိုးများအား အသိပညာပေးခြင်း စသည် များသာ လုပ်ဆောင်ပေးနိုင်ခဲ့ပြီး ဒူးပလာယာခရိုင်အတွင်းရှိ အခြားသော လက်နက်ကိုင် အဖွဲ့အစည်း များစွာနှင့် ငြိစွန်း နေသော တစ်ချို့သော တရားမဝင် သစ်ခိုးရောင်းချခြင်း စသည်များကို ကေအဲန်ယူ သစ်တောဌာနမှ ချမှတ်ထားသော စည်းမျဥ်း ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန် အလွန်ပင် ခက်ခဲစွာ ကြိုးစားဆောင်ရွက်နေရကြောင်း ဒူးပလာယာခရိုင် သစ်တောဌာန အတွင်းရေးမှူး ပဒိုစောနေကော်သောမှ ဆက်လက်ပြောကြားခဲ့သည်။
ထို့နောက် ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၏ ခရိုင်အတွင်းရမှူး ပဒိုစောလစ္စတန်မှ (သစ်များကိုစီးပွားဖြစ်ခုတ်ရောင်းခြင်း၊ တောဖြုတ်ခြင်းအလုပ်နဲ့ အသက်မွေးမြူခြင်း မပြုကြပါရန်၊ မဖြစ်မနေ သစ်များအား အသုံးပြုဖို့ရန် လိုအပ်ပါက ဒေသအသီးသီး၏ သစ်တော စည်းမျဥ်း စည်းကမ်းများအတိုင်းစနစ်တကျတင်ပြ၊ လိုက်နာ၊ ရယူဆောင်ရွှက်ကြပါရန် နှင့် တစ်ဦးချင်း သော်လည်းကောင်း၊ အစုအဖွဲ့နှင့် သော်လည်းကောင်း၊ မိမိကျေးရွာအလိုက်သော်လည်းကောင်း၊ ဒေသတွင်းသက်ဆိုင်ရာသစ်တောဌာနများနှင့် ပူးပေါင်း၍ သော်လည်းကောင်း သစ်ပင်များ စိုက်ပျိုး ကြပါရန်တိုက်တွန်းအပ်ပါတယ်၊ ဥတုရာသီတောကိုမှီဆိုသလို သစ်ပင်သစ်တောတွေဟာ ဂေဟစနစ် ထိန်းညှိပေးပါတယ်၊ လူ၊ တိရိစ္ဆာန်၊ တောကောင်များ၊ ပိုးမွှားများရဲ့ မှီခိုရာဖြစ်ပါတယ်၊ သစ်ပင် သစ်တောဟာ ရေကိုထိန်းပေးတယ်၊ သဘာဝမြေဆီကိုထိန်းပေးတယ်၊ သန့်ရှင်းလတ်ဆတ်တဲ့လေကို ထုတ်လုပ်ပေးတယ်၊ သစ်ပင် သစ်တောရဲ့အကျိုးကျေးဇူးကိုတထိုင်တည်းပြောလို့မကုန်ဘူး၊ သစ်ပင် သစ်တောပျက်စီးခြင်းရဲ့အန္တရာယ်ဟာလည်း တွေးမရဲအောင်ကြောက်စရာကောင်းလှပါတယ်၊ ဒါကြောင့် မို့ အားလုံး ကိုအားလုံးကို တိုက်တွန်းချင်တာက အားလုံးသစ်ပင်စိုက်ကြပါ၊ ထပ်ခါတစ်လဲလဲ တိုက်တွန်းခြင်ပါတယ်၊ အားလုံး သစ်ပင်စိုက်ခြင်းဖြင့်ကမ္ဘာကြီးကိုစိမ်းလန်းစိုပြေပါစေ) ဟု တိုက်တွန်း မှာကြားခဲ့သည်။